ကျောက်မျက် ရတနာများကို အရောင်မမှိန်အောင် ဘယ်လို ထိန်းသိမ်းမလဲ? (Care & Cleaning)
“ကျောက်မျက်ရတနာ ဆိုတာ ဝယ်ပြီးရင် ပြီးရော… ဘာမှ လုပ်စရာ မလိုဘူး” လို့ ထင်နေပါသလား?
Table Of Content
တကယ်တော့ ရတနာတွေဆိုတာလည်း အချိန်ကြာလာရင် အညစ်အကြေးတွေကြောင့် အရောင်မှိန်တာ၊ တောက်ပမှု လျော့ကျတာတွေ ဖြစ်တတ်ပါတယ်။ ပိုဆိုးတာက မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ဆေးကြောမိလို့ တန်ဖိုးကြီး ကျောက်တွေ ပျက်စီးဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေလည်း ဒုနဲ့ဒေး ရှိပါတယ်။
ဒီနေ့ The Gemverse ရဲ့ Knowledge Sharing အပိုင်းမှာတော့ မိမိရဲ့ ရတနာတွေကို သက်တမ်းကြာရှည်စွာ တဖိတ်ဖိတ် တောက်ပနေစေဖို့ အိမ်မှာတင် ပြုလုပ်နိုင်တဲ့ “Do’s and Don’ts” (ဆောင်ရန်/ရှောင်ရန်) တွေကို မျှဝေပေးသွားပါမယ်။
ရွှေစည်းမျဉ်း (The Golden Rule): ဆပ်ပြာ နှင့် ရေနွေး
ဘာကျောက်ပဲ ဖြစ်ဖြစ်၊ ဘာရတနာပဲ ဖြစ်ဖြစ် အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံး ဆေးကြောနည်းကတော့ “ဆပ်ပြာအပျော့စား နှင့် ရေနွေးနွေး” ပါပဲ။
- ပြုလုပ်ပုံ: ပန်းကန်လုံး တစ်လုံးထဲမှာ ရေနွေးနွေး (မပူလွန်းရ) ထည့်ပါ၊ ပန်းကန်ဆေး ဆပ်ပြာရည် (Dish soap) အနည်းငယ် ထည့်ပြီး မွှေပါ။ ရတနာကို ၁၀-၁၅ မိနစ်လောက် စိမ်ထားပါ။ ပြီးရင် သွားတိုက်တံ အနုစားလေးနဲ့ ဂျီးတွေ ကပ်ငြိနေတတ်တဲ့ ကျောက်အောက်ခြေ၊ နှာမောင်း နေရာတွေကို ခပ်ဖွဖွ တိုက်ချွတ်ပါ။ နောက်ဆုံးမှာ ရေအေးနဲ့ ဆေးချပြီး အဝတ်နုလေးနဲ့ သုတ်လိုက်ပါ။
- သတိပြုရန်: သွားတိုက်တံ အမာစားတွေ လုံးဝ မသုံးပါနဲ့။ ရွှေသားနဲ့ ကျောက်မျက်နှာပြင်ကို ခြစ်ရာ ထင်စေနိုင်ပါတယ်။
ရှောင်ကြဉ်ရမည့် “အိမ်တွင်းနည်းလမ်းမှားများ”
မြန်မာလူမျိုးတွေကြားမှာ ရွှေထည်တွေကို “သံပုရာသီး” (Lime) နဲ့ တိုက်ချွတ်တဲ့ ဓလေ့ ရှိပါတယ်။ ရွှေသက်သက်ဆိုရင် ပြဿနာ မရှိပေမဲ့၊ ကျောက်မျက် ပါလာရင်တော့ အထူးသတိထားရပါမယ်။
- သံပုရာရည် အန္တရာယ်: အက်ဆစ် (Acid) ဓာတ်ဟာ “ပုလဲ” (Pearl) နဲ့ “သန္တာ” (Coral) တွေကို အရောင်ပျက်စီးစေပြီး စားသွားနိုင်ပါတယ်။ ပိုအရေးကြီးတာက “Glass Filled Ruby” (ဖန်ဖြည့် ပတ္တမြား) တွေပါ။ သံပုရာရည်နဲ့ ထိလိုက်ရင် ကျောက်အက်ကြောင်းထဲက ဖန်သားတွေ ပျက်စီးပြီး ကျောက်က ဖြူဖွေးသွားတတ်ပါတယ်။
- သွားတိုက်ဆေး (Toothpaste): သွားတိုက်ဆေးထဲမှာ Abrasives လို့ခေါ်တဲ့ စားစေတဲ့ အမှုန်အမွှားတွေ ပါဝင်လို့ ရွှေသားနဲ့ ပယင်း (Amber) လို ကျောက်ပျော့တွေကို ခြစ်ရာ ထင်စေနိုင်ပါတယ်။ မသုံးသင့်ပါဘူး။
ကျောက်စိမ်း (Jade) ထိန်းသိမ်းနည်း
ကျောက်စိမ်းကတော့ “လူက ကျောက်ကို ဝတ်မှ၊ ကျောက်က လူကို အကျိုးပြုမယ်” ဆိုတဲ့အတိုင်း မကြာခဏ ဝတ်ဆင်ပေးလေ ကောင်းလေပါပဲ။
- Body Oil: လူ့ခန္ဓာကိုယ်က ထွက်တဲ့ သဘာဝ အဆီဓာတ်က ကျောက်စိမ်းကို ပိုပြီး စိုပြည်တောက်ပ (Luster) လာစေပါတယ်။
- ရေဓာတ်: ကျောက်စိမ်းကို ဗူးထဲမှာ အကြာကြီး ပိတ်လှောင်မထားသင့်ပါဘူး။ ရေဓာတ်ခမ်းခြောက်ပြီး အသားခြောက်သွားတတ်ပါတယ်။ မဝတ်ဖြစ်ရင်တောင် ရံဖန်ရံခါ ရေစိမ်ပေးတာ၊ သန့်ရှင်းတဲ့ ရေခွက်တစ်ခွက်ကို ကျောက်စိမ်းဗူးနားမှာ ထားပေးတာမျိုး လုပ်နိုင်ပါတယ်။
ပယင်း နှင့် ပုလဲ (Amber & Pearl)
ဒါတွေက “Organic Gems” (သက်ရှိကနေ ဖြစ်လာတဲ့ ကျောက်များ) ဖြစ်လို့ ဓာတုဆေးဝါးတွေကို အလွန် ကြောက်ပါတယ်။
- ရေမွှေး (Perfume): ရေမွှေး၊ Hairspray တွေကို ရတနာ ဝတ်ထားရင်း ဖြန်းတာမျိုး လုံးဝ မလုပ်ပါနဲ့။ မိတ်ကပ်လိမ်း၊ ရေမွှေးဆွတ်ပြီးမှ နောက်ဆုံးမှ ရတနာကို ဝတ်ဆင်ပါ။
- သန့်ရှင်းရေး: ဝတ်ပြီးတိုင်း ချွေးနဲ့ အဆီတွေကို ဖယ်ရှားဖို့ အဝတ်နုလေးနဲ့ ဖွဖွလေး သုတ်ပြီးမှ သိမ်းဆည်းပါ။
သိမ်းဆည်းနည်း (Storage)
ကျွန်တော်တို့ အရင် Post မှာ ဆွေးနွေးခဲ့တဲ့ “Mohs Scale” (မာဆင့်) အရ ကျောက်အချင်းချင်း ပြန်ခြစ်မိပြီး ပျက်စီးတတ်ပါတယ်။
- မရောပါနဲ့: စိန်လက်စွပ်နဲ့ ပတ္တမြားလက်စွပ်၊ ဒါမှမဟုတ် ပယင်းလက်ကောက်တွေကို ဗူးတစ်ခုတည်းမှာ စုပြုံ ထည့်မထားပါနဲ့။ စိန်က ပတ္တမြားကို ခြစ်မိမယ်၊ ပတ္တမြားက ပယင်းကို ခြစ်မိပြီး အစင်းရာတွေ ထင်ကုန်ပါလိမ့်မယ်။
- သီးသန့်ထားပါ: ရတနာ တစ်ခုချင်းစီကို ဇစ်ပိတ်အိတ် (Zip-lock bag) လေးတွေနဲ့ သီးသန့် ထည့်သိမ်းတာ (သို့) အခန်းကန့်ပါတဲ့ ရတနာဗူး (Jewelry Box) ကို သုံးတာ အကောင်းဆုံးပါပဲ။
The Gemverse မှ အကြံပြုချက်
သင့်ရတနာတွေကို တစ်နှစ်တစ်ခါလောက် ကျွမ်းကျင်တဲ့ ရွှေဆိုင်/ကျောက်ဆိုင်တွေမှာ “Professional Cleaning” သွားလုပ်ပါ။ သူတို့က ကျောက်မြဲ/မမြဲ (Prong check) ပါ တစ်ခါတည်း စစ်ဆေးပေးနိုင်လို့ ကျောက်ပြုတ်ထွက်ပြီး ပျောက်ဆုံးမယ့် အန္တရာယ်ကနေလည်း ကာကွယ်နိုင်ပါတယ်။


